Wednesday, December 17, 2014
တရုတ်တွင် ၀န်ကြီးကို လာဘ်ပေးသည့် စီးပွားရေးလုပ်ငန်းရှင်ကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ်
တရုတ်နိုင်ငံ ဘေကျင်းတရားရုံးတရုံး အရင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီး လျိုကျိကျွင်းနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးကို ထောင်ဒဏ်အနှစ် ၂၀ ချလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကျည်ဆန်ရထား လမ်းဆောက်လုပ်ရေးစီမံကိန်း ကာလက ကုမ္ပဏီ ၂၃ ခုဟာ ရထားလမ်းဆောက်လုပ်ရေး ကန်ထရိုက်ရအောင် ၀န်ကြီးဖြစ်ခဲ့တဲ့ လျိုကျိကျွင်းကို အမေရိကန်ဒေါ်လာ ၈ သန်း လာဘ်ငွေပေးခဲ့တယ်လို့ အစိုးရသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ဒါတင်မက ကြားကနေ ပွဲစားလုပ်ပေးတဲ့ စီးပွားရေးလုပ်ငန်းရှင် တင်းယိရှင်းဟာ ၀န်ကြီးအတွက် အရေအတွက် အတိအကျမသိရတဲ့ မိန်းခလေးတွေကိုလည်း ဆက်ပေးခဲ့သေးတယ်လို့လည်း တရုတ်နေ့စဉ်သတင်းစာက ပြီးခဲ့တဲ့နှစ်က ဖော်ပြခဲ့ပါတယ်။
ပြစ်မှုထင်ရှားခဲ့လို့ ထောင်ဒဏ် အနှစ် ၂၀ အပြင် လျော်ကြေး တရုတ်ယွမ် ၂ ဒသမ ၅ ဘီလီယံနဲ့ ယွမ် သန်း ၂၀ တန်ပိုင်ဆိုင်မှုတွေ ကိုလည်း ချိတ်ပိတ်လိုက်ပါတယ်။ အစိုးရပိုင်ကုမ္ပဏီတခုက စီးပွားရေးသမား တင်းယိရှင်း ရဲ့ ကုမ္ပဏီကို ယွမ် သန်း ၁၀၀ လောက် ပေးထားတာကို အစိုးရစာရင်းစစ်တွေက စစ်ဆေးတွေရှိတာကနေ သူ့ကို စစ်ဆေးအရေးယူမှု စတင်ခဲ့တာ ဖြစ်ပါတယ်။
အရင် ရထားဝန်ကြီးဟောင်းကတော့ ဆိုင်းငံ့ သေဒဏ်ကျခံထားရပါတယ်။ လက်ရှိတရုတ်သမတ ဟာ လွန်ခဲ့တဲ့နှစ်နှစ် အာဏာရယူချိန်ကစပြီး အစိုးရထိပ်တန်းခေါင်းဆောင်တွေရဲ့ အဂတိလိုက်စားမှုတွေကို စတင်နှိမ်နင်းခဲ့ပါတယ်။ အဂတိလိုက်စားခဲ့တဲ့ အရင်အစိုးရ ခေါင်းဆောင်ဟောင်းတွေ တဦးပြီးတဦး ရုံးတင် အရေးယူခံနေရပါတယ်။
၂၀၁၁ ခုနှစ်က လူ ၄၀ ကျော် သေဆုံးတဲ့ ကျည်ဆန်ရထားတိုက်မှု ဖြစ်ပွားပြီးကတည်းက တရုတ်နိုင်ငံရဲ့ ကျည်ဆန်ရထားလုပ်ငန်းလည်း ရပ်ဆိုင်းခဲ့ရပြီး ဒေ၀ါလီ ခံသွားခဲ့ရ ပါတယ်။
Credit >>> DVB
Subscribe to:
Post Comments (Atom)


No comments
Post a Comment