Thursday, June 2, 2016

နည်းပညာမူပိုင်ခွင့် ၁၅၀၀ ကို Microsoft ထံမှ Xiaomi ဝယ်ယူ

ခြောက်နှစ်သက်တမ်းရှိသည့် တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi သည် Microsoft ထံမှ နည်းပညာမူပိုင်ခွင့် ၁၅၀၀ ကို ဝယ်ယူခဲ့သည်။ ကုမ္ပဏီနှစ်ခုစလုံးမှ ကြေည... thumbnail 1 summary

ခြောက်နှစ်သက်တမ်းရှိသည့် တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi သည် Microsoft ထံမှ နည်းပညာမူပိုင်ခွင့် ၁၅၀၀ ကို ဝယ်ယူခဲ့သည်။ ကုမ္ပဏီနှစ်ခုစလုံးမှ ကြေညာခဲ့သည့် သဘောတူညီမှုသစ်တစ်ရပ်အရ Microsoft Office productivity suite နှင့် Skype တို့ကို Xiaomi ၏ Android အခြေခံ စမတ်ဖုန်းများနှင့် tablet များတွင် preinstall အနေဖြင့် ပါဝင်လာမည်ဖြစ်သည်။
အဆိုပါ သဘောတူညီချက်ကို မေလ ၃၁ ရက်က ကြေညာခဲ့ပြီး သဘောတူညီချက်အရ ကြိုးမဲ့စနစ်ဆက်သွယ်မှုများ၊ ဗီဒီယို၊ cloud နည်းပညာများအပြင် မာလ်တီမီဒီယာနှင့်သက်ဆိုင်သော မူပိုင်ခွင့်များကို Xiaomi ထံသို့ သယ်ဆောင်လာမည်ဖြစ်ကြောင်း Microsoft ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
“ဒီသဘောတူညီချက်ဟာ Xiaomi နဲ့ Microsoft တို့က ဉာဏဆိုင်ရာမူပိုင်ခွင့်အတွက် အရမ်းကိုအလေးထားတယ်ဆိုတာကို ထင်ဟပ်စေပါတယ်။ ကုမ္ပဏီတွေအနေနဲ့ နည်းပညာနယ်ပယ်ထဲမှာ အကြိမ်ပေါင်းများစွာ တွေ့မြင်နေရတဲ့ ဆိုးရွားတဲ့အလေ့အထတွေကို ဆန့်ကျင်ပြီး ကောင်းမွန်တဲ့မူပိုင်ခွင့်စနစ်တစ်ခု ဖြစ်လာစေဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။
သဘောတူညီချက်အရ Microsoft Office နှင့် Skype ကို Xiaomi ၏ Android စမတ်ဖုန်းများနှင့် tablet များတွင် ထည့်သွင်းသွားမည်ဖြစ်သောကြောင့် မိုဘိုင်းသုံးစွဲသူများအနေဖြင့် မိုဘိုင်းထုတ်ကုန်များကို အသုံးပြုကာ အလုပ်လုပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆက်သွယ်ခြင်းတို့ ပြုလုပ်နိုင်မည်ဟု ကုမ္ပဏီနှစ်ခုစလုံးမှ ပြောကြားခဲ့သည်။
Mi 5, Mi Max, Mi 4s, Redmi Note 3 နှင့် Redmi 3 အပါအဝင် Xiaomi Android ထုတ်ကုန်များတွင် Microsoft Word, Excel, PowerPoint, Outlook နှင့် Skype application များ ထည့်သွင်းခြင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Xiaomi မှ ပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါ ထောက်ပံ့မှုသည် ထုတ်ကုန်၊ ဈေးကွက်နှင့် မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတို့အပေါ် မူတည်၍ ကွဲပြားမည်ဖြစ်သည်။
ကုမ္ပဏီနှစ်ခု၏ သဘောတူညီချက်တွင် Xiaomi Mi Pad ပေါ်၌ Windows 10 အသုံးပြုခြင်းနှင့် Xiaomi ၏ Mi Cloud ဝန်ဆောင်မှုတွင် Microsoft Azure ကို အသုံးပြုခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။
Internet Journal 

No comments

Post a Comment