Wednesday, January 18, 2017

မိန်းမလျာ အလှမယ် မျိုးကိုကိုစန်းကို ဝတ်မှုံရွှေရည်က အမှုဖွင့်

နာမည်ကြီး မိန်းမလျာ အလှမယ် မျိုးကိုကိုစန်းကို ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူရန် တိ... thumbnail 1 summary




နာမည်ကြီး မိန်းမလျာ အလှမယ် မျိုးကိုကိုစန်းကို ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူရန် တိုင်ကြားခဲ့မှုကြောင့် ဇန်နဝါရီ ၁၇ ရက် ည ၈ နာရီခွဲအချိန်တွင် ရန်ကုန်လေဆိပ်၌ အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။
2014 Miss International Queen Myanmar အလှမယ် ဖြစ်သူ မျိုးကိုကိုစန်းမှာ ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်ပြီး ပြန်လာစဉ် ရန်ကုန် လေဆိပ်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့၌ ရဲတပ်ဖွဲ့က ၎င်းကို ပိတ်ဆို့ ဖမ်းဆီးခဲ့ပြီး ရန်ကင်းမြို့မ ရဲစခန်းတွင် ထိန်းသိမ်းကာ ဇန်နဝါရီလ ၁၈ ရက်နေ့က မြို့နယ် တရားရုံးတွင် ရုံးထုတ်၍ ချုပ်ရမန်ယူခဲ့ကြောင်း တရားရုံးထံမှ စုံစမ်းသိရသည်။
သရုပ်ဆောင်ဝတ်မှုံရွှေရည်က Cele Cele Small page ၏ အက်ဒမင်ဖြစ်သူ မျိုးကိုကိုစန်းမှာ ရုပ်ရှင် သရုပ်ဆောင်များနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ပုတ်ခတ် ရေးသားမှုများ ဖော်ပြသည်ဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူပေးရန် ရန်ကင်း မြို့မရဲစခန်းတွင် ဇန်နဝါရီလ ၁၅ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သော Facebook စာမျက်နှာ Cele Cele Small page အကောင့်တွင် သရုပ်ဆောင် ဝတ်မှုံရွှေရည်၏ ဓာတ်ပုံများနှင့်တကွ လူကြီးသားများနှင့် ပတ်သက်နေပြီး နိုင်ငံခြား သွားချိန်းတွေ့ခြင်း၊ ချူစားခြင်း၊ မော်တော်ယာဉ်ပေါ်တွင် လိင်ကိစ္စများ ပြုလုပ်ခြင်းတို့ကို ဖော်ပြခဲ့သောကြောင့် ဝတ်မှုံရွှေရည်က ၎င်း၏ ဂုဏ် သိက္ခာ ထိခိုက်စေရန်နှင့် ပရိသတ် အထင်အမြင် လွဲမှားစေမည့် စာနှင့်ပုံများ ဖော်ပြခဲ့သည့် အကောင့်ပိုင်ရှင်ကို ဖော်ထုတ် အရေးယူပေးရန် ရန်ကင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
“မျိုးကိုကိုစန်းကို ဖမ်းထားပြီး ဒီနေ့ မြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူခဲ့တယ်၊ ကျန်တာတော့ အမှုစစ်ဆေးနေဆဲမို့ အတိအကျ ပြောလို့ မရသေးဘူး၊ ဒီအမှုက စခန်းမှူး ကိုယ်တိုင် စစ်ဆေးနေတာပါ”ဟု ရန်ကင်းမြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ဆိုသည်။
အနုပညာရှင်များ၏ ကိုယ်ရေး ကိုယ်တာ ကိစ္စများကို လူမှုကွန်ရက်ပေါ် တင်နေသော Cele Cele Small စာမျက်နှာတွင် မျိုးကိုကိုစန်းမှာ Admin အဖြစ် ပါဝင်နေသည်ဟုဆိုကာ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့သော်လည်း ဖမ်းဆီးခံရသူ မျိုးကိုကိုစန်းက ၎င်းမှာ တရားခံမဟုတ်ဟုဆိုကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ အမှုကို ရဲတပ်ဖွဲ့က နည်းပညာဖြင့် စုံစမ်းဖော်ထုတ် စစ်ဆေးသွားမည်ဖြစ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသော မျိုးကိုကိုစန်းကို အမျိုးသမီး သီးသန့် အချုပ်ဆောင်တွင် တစ်ဦးတည်း ထိန်းသိမ်းထားကြောင်း ရန်ကင်းမြို့မ ရဲစခန်းထံမှ သိရသည်။
ယခုကိစ္စနှင့် ပတ်သက်၍ ဝတ်မှုံရွှေရည်ကို ၎င်း၏ မိတ်ကပ်ဆရာမှတစ်ဆင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ခေါ်ဆို၍မရခဲ့ပေ။
The Voice

No comments

Post a Comment