Tuesday, December 23, 2014

လက်ပံတောင်း မိုးကြိုးပြင်ရွာသူ သေဆုံးမှု အမှုဖွင့်

စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာ ထိမှန်သေဆုံးမှုနဲ့ပတ်သက်လို့ ၈၈ ... thumbnail 1 summary

စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာ ထိမှန်သေဆုံးမှုနဲ့ပတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး၊ မနီလာသိန်းနဲ့ မတင်ဇာခိုင်တို့အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်ရာမှာ ရဲက ချက်ချင်းလက်မခံလို့ စောင့်ဆိုင်းနေကြပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ခင်းပိုင်းက သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းရဲ့အလောင်းကို မိုးကြိုးပြင်အလယ်ရွာက သူမနေအိမ်မှာ ထားရာက မုံရွာဆေးရုံကို ပို့ဆောင် စစ်ဆေးပေးဖို့နဲ့ ရင်ခွဲရုံပို့ပေးဖို့ သေမှုသေခင်းဖွင့်တာလို့ ပြန်ကြာရေးတာဝန်ခံ မတင်ဇာခိုင်က ပြောပါတယ်။

ညနေ ငါးနာရီခွဲခန့်ကနေ တနာရီနီးပါးကြာထိ ရဲက အမှုဖွင့်တာ လက်မခံသေးဘူးလို့ သူက ပြောပါတယ်။

“အခုမှ ကျမတို့က အမှုဖွင့်နေတုန်းပဲရှိသေးတယ်။ လက်မခံရဲသေးဘူး၊ သူတို့အထက်ကို မေးထားတယ် ပြောပါတယ်။ စောင့်နေပါတယ်ရှင့်။ သူတို့ဘက်က အမှုလက်ခံမခံကို မသိသေးပါဘူး။ သူတို့လည်း အထက်ကိုမေးထားတဲ့အတွက် ကျမတို့လည်း ထိုင်စောင့်နေရပါတယ်။ သူတို့ဘက်က ဒီမှာ ရှိနေတဲ့အဆင့်နဲ့ လက်ခံလို့မရဘူး ဒီအမှုက အဲလိုမျိုးဖြစ်နေတယ်"လို့ မတင်ဇာခိုင်က ပြောပါတယ်။

အလောင်းက နှစ်ရက်ကူးလာပြီဆိုတော့ ကျမတို့က ညတွင်းချင်း သယ်ချင်တယ်။ အလောင်းကို စစ်ချင်တယ်။ သူတို့က ဝေ့လည်ကြောင်ပတ်လုပ်နေတုန်းပဲ။ တိတိကျကျအဖြေကို မပေးနိုင်သေးဘူး” လို့လည်း သူက ပြောပါတယ်။

ဒေါ်ခင်ဝင်းရဲ့ နဖူးနဲ့ နောက်စေ့ပွင့်ထွက်သေဆုံးခဲ့ပေမယ့် အစိုးရဘက်ကတော့ ခြံစည်းရိုးတိုင်စိုက်တာကို ရွာသားတွေ တားဆီးနှောင့်ယှက်တဲ့အတွက် အဓိကရုဏ်းနှိမ်နင်းရေး ၁၂ ဗို့သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဖြေရှင်းထားပါတယ်။

Credit >>> DVB TV News

No comments

Post a Comment