ဒီဇင်ဘာ (၂၅)ရက်၊ ခရစ္စမတ်နေ့က အက်စ်ကီလ်စတူနာမြို့ရှိ အဆောက်အအုံ တစ်လုံး၏ မြေညီထပ်တွင် ထားရှိသော ဗလီတွင် အစ္စလာမ် ဘာသာဝင် (၁၅)ဦးမှ (၂၀)ခန့်ထိ ဝတ်ပြုနေစဉ် မီးလောင်မှု ပေါ်ပေါက်လာခဲ့သည်။ နေ့ခင်းကြောင်တောင် ဖြစ်ပွားသော မီးလောင်မှုသည် ရှို့မီးဖြစ်ပြီး မီးသတ်ဌာနက နိုင်နိုင်နင်းနင်း ငြှိမ်းသတ်နိုင်ခဲ့သည်။
ဆွီဒင်တွင် ဒုက္ခသည် ခိုလှုံခွင့်ဆိုင်ရာ ပေါ်လစီ အပြောင်းအလဲနှင့် ပတ်သက်၍ အငြင်းပွားမှုများ ပြင်းထန်နေစဉ် ယခုဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လက်ယာယိမ်း နိုင်ငံရေးသမားများက ဆွီဒင်သို့ ခိုလှုံလာသူများ၏ အရေအတွက်ကို (၉၀)ရာခိုင်နှုန်းထိ ကန့်သတ် လျှော့ချသွားရန် တောင်းဆိုနေပြီး လက်ရှိ အနေအထားအတိုင်း နိုင်ငံ၏ အလယ်အလတ်လမ်းစဉ် ပေါ်လစီအတိုင်း ဆက်သွားလိုသည့် နိုင်ငံရေး ပါတီများလည်း ရှိနေသည်။
“မျက်မြင် တစ်ယောက်ရဲ့ ထွက်ဆိုချက် အရတော့ လူတစ်ယောက်ဟာ အဆောက်အအုံ ပြတင်းပေါက်ကနေ တစ်ခုခု ပစ်သွင်းလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီကနေ ဗလီထဲမှာ မီးထလောင်တာပါ”ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ လားစ် ဖရန်ဇဲလ်က ဆိုသည်။ မီးဟပ်မှုနှင့် အသက်ရှူကျပ်သည့် အခြေအနေများကြောင့် လူ(၅)ဦးကို ဆေးရုံ တင်ပို့ခဲ့ရကြောင်းလည်း ၎င်းက သတင်းထောက်များအား ပြောကြားသွားခဲ့သည်။
Credit >>> BBC


No comments
Post a Comment